ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့၌တည်ရှိသော ပဏ္ဍိတာရာမသာသနာ့ရိပ်သာအောင်မြေကို ကောဇာသက္ကရာဇ် ၁၃၆၁ ခု၊ တပို့တွဲလဆန်း ၂ရက်၊ ခရစ်သက္ကရာဇ် ၂၀၀၀ ခုနှစ်၊ ဖေဖော်ဝါရီ ၆ရက် တနင်္ဂနွေနေ့တွင် ဆရာတော်အရှင်ပညာသာမိ(အောင်စည်ဆရာတော်)က မျိုးစေ့ချတည်ထောင်နိုင်ခဲ့ပြီး အနန္တ ကျေးဇူးတော်ရှင် ပဏ္ဍိတာရာမရွှေတောင်ကုန်းဆရာတော်ဘုရားကြီးက ချီးမြှောက်ဖွင့်လှစ်ပေးတော်မူခဲ့ပါတယ်။ထိုအချိန်မှစတင်ကာ ဝိပဿနာတရားစခန်း၊ မေတ္တာတရားစခန်း၊ ဗုဒ္ဓယဉ်ကျေးမှုအခြေပြုသင်တန်း၊ တရားပွဲများနှင့် သာရေးနာရေးကိစ္စအဝဝတို့ကို ဒကာဒကာမများ၏ ထောက်ပံ့လှူဒါန်းမှု ပစ္စယာနုဂ္ဂဟဖြင့် ကြိုးစားဆောင်ရွက်ခဲ့ကြပါတယ်။
လက်ရှိအသစ်ဆောက်လုပ်တော့မည့် ပဏ္ဍိတာရာမဆစ်ဒနီသာသနာ့ရိပ်သာတော်ကြီးကို Place of Public Worship အဖြစ်သက်ဆိုင်ရာမှ ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်လို့ ၅ ဧကခန့်ကျယ်ဝန်းသည့် ပဏ္ဍိတာရာမဆစ်ဒနီသာသနာ့ရိပ်သာ သာသနာ့အောင်မြေပေါ်တွင် –
၁။ဓမ္မာရုံ၊
၂။သိမ်တော်ကြီး၊
၃။ဆွမ်းစားဆောင်၊
၄။ကားရပ်နားစခန်း(Car Parking)နှင့် ကျောင်းခြံစည်းရိုးစသည်နေရာဌာန တို့ကို ဩစတေးလျနိုင်ငံ၏ စည်းမျည်းစည်းကမ်းများနှင့်အညီ ဆောက်လုပ်ကြရန်ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။နိုင်ငံရပ်ခြားတွင် ကျောင်းတစ်ကျောင်း ရိပ်သာတစ်ခုဖြစ်ဖို့ရန် လွန်စွာအားစိုက်ကြိုးစားကြရပါတယ်။ ကံကြီး ဉာဏ်ကြီးသူ ဒကာဒကာမများ၏ထောက်ပံ့မှု၊ သာသနာ့ဒါယကာ ဒါယိကာများ၏ ကူညီပံ့ပိုးမှုများဖြင့်သာ ဤမျှကြီးမားသော (6 Million Project) စီမံကိန်းကြီးပြီးစီးအောင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ပထမဦးစားပေးစီမံကိန်း – ဓမ္မာရုံတော်ကြီး
ဒကာဒကာမများ မကြာခဏဖုန်းဆက်မေးမြန်းကြတာကတော့ တရားအားထုတ်ဖို့အဆင်ပြေနိုင်မယ့် ဓမ္မာရုံတစ်ခုပါ။ ဒါကြောင့် ပထမဦးစားပေးအနေနဲ့ ခန့်မှန်းကုန်ကျစရိတ် (1.6 Million) ကုန်ကျနိုင်မယ့် ဓမ္မာရုံတော်ကြီးကို ပထမဦးစားပေးအနေနဲ့ ထည့်သွင်းတည်ဆောက်သွားမှာဖြစ်ပါတယ်။
ဒုတိယဦးစားပေးစီမံကိန်း – ယာဉ်ရပ်နားစခန်း
ဩစတေးလျမှာ အဆောက်အဦးတစ်ခုတည်ဆောက်လျှင် ကားပါကင်ပါထည့်သွင်းပြုလုပ်မှ အဆိုပါအဆောက်အဦးကို အသုံးပြုခွင့်ပေးပါတယ်။ ဒါကြောင့် သာသနာ့ရိပ်သာသို့ လာရောက်ကြမည့် ဒကာ ဒကာမများလည်းအဆင်ပြေအောင် ခန့်မှန်းခြေ (ဩစတေးလျဒေါ်လာ ၈သိန်းခန့်) ကုန်ကျမည့် ကားရပ်နားစခန်း (Car Parking) တစ်ခုကို ဒုတိယဦးစားပေးအနေနဲ့ တည်ဆောက်သွားဖို့ရှိပါတယ်။
တတိယဦးစားပေးစီမံကိန်း – ဆွမ်းစားဆောင်
တတိယဦးစားပေးအနေနဲ့ကတော့ အမျိုးသမီးယောဂီများပါနေထိုင်နိုင်မယ့် (ကုန်ကျစရိတ်ခန့်မှန်းခြေ 1.2 Million)ခန့်ရှိ ဆွမ်းစားဆောင်ကြီးတစ်ခုကို ထည့်သွင်းတည်ဆောက်သွားဖို့ လျာထားရှိပါတယ်။
စတုထ္ထဦးစားပေးစီမံကိန်း – မဟာသိမ်တော်ကြီး
သံဃကိစ္စအဝဝဆောင်ရွက်နိုင်ရန်အနေဖြင့် မဟာသိမ်တော်ကြီးကိုထည့်သွင်းတည်ဆောက်သွားဖို့ရှိပါတယ်။ မဟာသိမ်တော်ကြီးကတော့ ခန့်မှန်းခြေဩစတေးလျဒေါ်လာ ၄သိန်းခန့် ကျသင့်နိုင်ပါတယ်။ မြတ်ဗုဒ္ဓ၏ တရားတော်များတွင်လည်း သိမ်ရှိမှသာသနာတည်မည်ဟု အဆိုရှိပါသည်။ သိမ်ရှိမှ ရဟန်းခံကိစ္စ၊ သံဃကိစ္စဆောင်ရွက်နိုင်၍ သိမ်သည် သာသနာတည်စေကြောင်း သာသနာ့ဘူမိနက်သန်အောင်မြေဖြစ်ပါသည်။ ကမ္ဘာတည်နေသရွေ့သိမ်လည်း ရှိနေမည်ဖြစ်ပါတယ်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များအနေဖြင့် သိမ်ကိုလှူဒါန်းလိုကြခြင်းဖြစ်ပါသည်။ သိမ်လှူဒါန်းခြင်းက ကမ္ဘာတည်သရွေ့မိမိအလှူလည်းတည်ပါသည်။ထို့ကြောင့် နိုင်ငံရပ်ခြား သာသနာပြုလုပ်ငန်းတစ်ရပ်ဖြစ်သည့် ယခုအသစ်ဆောက်လုပ်နေသည့် ပဏ္ဍိတာရာမ ဆစ်ဒနီသာသနာ့ရိပ်သာစီမံကိန်းတွင် ကုသိုလ်ယူပါဝင်လှူဒါန်းခြင်းဖြင့် သာသနာ့ဒါယကာ သာသနာ့ဒါယိကာမများအဖြစ် ခံယူနိုင်ကြပါစေသော်ဝ်။
Account Name: Panditarama Sydney Meditation Centre Incorporate
Westpac Bank
SWIFT Code: WPACAU2S
BSB: 032072
A/C No: 116383
ANZ Bank
SWIFT Code: ANZBAU3M
BSB: 012253
A/C No: 199079472